Cpx24.com CPM Program
Home » » မြန်မာပရိသတ်နဲ့ စိမ်းနေသေးတဲ့ ကိုယ်​တုံးလုံး ပန်းချီကားများ

မြန်မာပရိသတ်နဲ့ စိမ်းနေသေးတဲ့ ကိုယ်​တုံးလုံး ပန်းချီကားများ

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဟာ လူအများရဲ့ အနုပညာရသခံစားနိုင်မှုတွေအပေါ်မှာ
ဘောင်ခတ်ထားဆဲလို့ ဆိုရမှာပါ။

ဥပမာတစ်ခုပြောရရင် အ၀တ်အစားမပါတဲ့ လူပုံပန်းချီကားတွေကို 'မြန်မာ့ယဉ်ကျေးမှုနဲ့
မသင့်တော်ဘူး' ဆိုတဲ့အမြင်နဲ့ ဒီအနုပညာတစ်ရပ်ကို နိုင်ငံတွင်းမှာ ခေတ်အဆက်ဆက်
ပြသခွင့်ပိတ်ပင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ပန်းချီပြခန်းတွေကို စိစစ်ရေး မလာတော့တဲ့ နောက်ပိုင်းကစလို့
အုပ်စုပွဲတွေမှာ Nude ပန်းချီကားတွေကို ကြိုကြား ပြသလာခဲ့ပါတယ်။

သို့ပေမယ့်လည်း လူအများက အ၀တ်မ၀တ်ဆင်ထားတဲ့ လူပုံပန်းချီကားတွေကို
မကြည့်ရဲသေးဘူးလို့ Nude ပန်းချီ ကားတွေကိုပဲ ၁၈ နှစ်တာ စိုက်လိုက်မတ်တတ် ဖန်တီးလာခဲ့တဲ့
ပန်းချီဆရာမ စန္ဒာခိုင်က ပြောပါတယ်။

"ဒီနိုင်ငံမှာ ကြီးပြင်းလာကြတဲ့ လူအများစုဟာ ဒီပန်းချီကားတွေကို ရှက်စရာတစ်ခုလို့ပဲ
မြင်နေကြပါသေးတယ်။ ကျွန်မ သတိထားမိတာက ပြခန်းကိုလာတဲ့ သူတွေဟာ ကလေးရော
အသက် ၄၀ ကျော်တွေပါ Nude ပန်းချီကားတစ်ကား မြင်လိုက်တာနဲ့ မျက်နှာလွှဲသွားကြတယ်"လို့
သူ့အတွေ့အကြုံကို မစန္ဒာခိုင်က ပြောပြပါတယ်။

လောကနတ်ပန်းချီပြခန်းမှာ ဧပြီလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပတဲ့ Color Image
အမည်ရ အုပ်စုပန်းချီပွဲလေးမှာ စန္ဒာခိုင်နဲ့ နောက်ပန်းချီဆရာမတစ်ဦးဖြစ်တဲ့ စန္ဒီတို့ဟာ Nude
ပန်းချီကားတွေကို ပြသခဲ့ကြပါတယ်။

မစန္ဒာခိုင်ဟာ Nude ပန်းချီကားတွေကို ၁၉၉၆ ခုနှစ်က စတင်ပြီး ယနေ့ချိန်ထိ တစိုက်မတ်မတ်
ရေးဆွဲခဲ့ပါတယ်။

ပြည်တွင်းမှာ Nude ပန်းချီကားတွေကို ပြသခွင့်မရတာကြောင့် မလေးရှား၊ အမေရိကန်၊ အင်္ဂလန်၊
စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ ကျင်းပတဲ့ အုပ်စုပွဲတွေနဲ့ ချင်းမိုင်မှာ တစ်ကိုယ်တော်
သွားရောက်ပြသခဲ့ပါတယ်။



ဒါကြောင့် သူ့ပန်းချီကားတွေကို ပြည်ပမှာသာ ၀ယ်ယူမယ့် ဖောက်သည်ရှိခဲ့ပြီး ပြည်တွင်းမှာတော့
ပန်းချီဆရာအချင်းချင်း ၀ယ်မှသာ ရောင်းရတယ်လို့ ဆိုပါတယ်။

"မနှစ်ကစတင်ပြီး ပြသလို့ရပေမယ့် ပြည်တွင်းမှာတော့ ၀ယ်မယ့်သူ လုံးဝမရှိပါဘူး။ ပန်းချီပြပွဲတွေ
မှာလည်း ပန်းချီဆရာမိတ်ဆွေတွေက အစ်မပန်းချီကားကို ကြိုက်လို့ ၀ယ်တာမျိုးရှိသလို
ကိုယ်ကြိုက်တဲ့ ပန်းချီကားနဲ့ သူကြိုက်တာ လဲတာမျိုးပဲ ရှိပါတယ်။ ပြည်တွင်းမှာ ဒီကားတွေကို
ကြိုက်လို့ဝယ်တဲ့သူ မရှိခဲ့ဖူး"လို့ မစန္ဒာခိုင် က ပြောပါတယ်။

Nude ပန်းချီကားတွေကို အနုပညာတစ်ရပ်အဖြစ်မြင်ဖို့ ပြည်သူတွေနဲ့ အကျွမ်းတ၀င်ဖြစ်ဖို့ လက်ရှိ
ပုံမှန်ဆွဲနေတဲ့ အနုပညာရှင်တွေတင်မကဘဲ တခြားစိတ်ဝင်စားသူတွေလည်း ပုံတွေဆွဲသင့်သလို
ပွဲတွေလည်း ပြုလုပ်သင့်တယ်လို့ သူက တိုက်တွန်းလိုက်ပါတယ်။

"အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာဆိုလည်း မော်ဒယ်အစစ်နဲ့
ဆွဲခွင့်မပေးသေးပါဘူး။ ယဉ်ကျေးမှုကြောင့်ရယ် နှစ်ပေါင်းများစွာ ပိတ်ပင်ထားတာကြောင့်ရယ်
ဒါတွေကို လူအများ လက်မခံနိုင်ကြသေးတာဖြစ်တယ်"လို့ မစန္ဒာခိုင်က ပြောပါတယ်။

ဒီတော့ Nude ပန်းချီရေးသူတွေအနေနဲ့ နောက်ထပ်ကြုံရတဲ့ အခက်အခဲတစ်ခုက မော်ဒယ်ရရှိဖို့ပဲ
ဖြစ်ပါတယ်။

"မြန်မာအမျိုး သမီးတွေက အရမ်းရှက်ကြပါတယ်။ ၁၈ နှစ်ကာလအတွင်းမှာ ကျွန်မ မော်ဒယ်
၁၂ ယောက် ဆွဲခဲ့ဖူးတယ်။ သူတို့တစ်တွေအားလုံးက ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး
အကုန်လုံးက အိမ်ထောင်သည်တွေပါ။

"ပထမတစ်ရက် တစ်နေကုန် သူတို့ကို ဘယ်လိုထိုင်ပါဆိုတာ အာပေါက်အောင် ပြောရတယ်။
လေးငါးခါလောက် ဆွဲပြီး နည်းနည်းရင်းနှီးမှုရလာတော့မှ အဆင်ပြေသွားတယ်"လို့ မစန္ဒာခိုင်က
ပြောပြပါတယ်။

Color Image ပြပွဲရဲ့ တာဝန်ခံဖြစ်တဲ့ ပန်းချီဆရာ ဦးတင်ဦးကလည်း "ရိုးရာယဉ်ကျေးမှုနဲ့
ဖုံးကွယ်နေလို့သာ ဒီအနုပညာကို နားမလည်နိုင် ဖြစ်နေတာပါ။ အနုပညာအနေနဲ့ လိုကို
လိုအပ်ပါတယ်။ ပန်းချီ ကျောင်းတက်ကတည်းက ကျွန်တော်တို့က ခန္ဓာဗေဒကို လေ့လာရတယ်။
နောက်ပိုင်းတော့ လူတွေ ဒါကို ယဉ်ပါးသွားကြမယ်လို့ မျှော်လင့်ပါတယ်"လို့ ဆိုပါတယ်။

မိဖုရား
Credit - Myanmar Times


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ